Search

Burmese translation: Tribute to U Ko Ni

[pdf version available here]

ဦးကိုနီသို့ တစ်သီးပုဂ္ဂလ ဂုဏ်ပြုတမ်းချင်း

မလီဆာ ခရောက်ခ်ျ (Melissa Crouch)၊ ဧည့်ဆောင်းပါးရှင်၊ ဇန်နဝါရီလ ၃၁ရက်၊ ၂၀၁၇ခုနှစ်
တနင်္ဂနွေနေ့က ထင်ရှားသည့် မွတ်စလင်မ် ရှေ့နေတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီသည် လုပ်ကြံမှုလို့ ယူဆရတဲ့ သတ်ဖြတ်မှုနဲ့ အသေပစ်သတ်ခြင်း ခံခဲ့ရသည်။ မလီဆာ ခရောက်ခ်ျ (Melissa Crouch)က သူ့ဘဝ တစ်စေ့တစ်စောင်းနဲ့ မြန်မာနိုင်ငံရဲ့ အသိစိတ်ရှိသော ဥပဒေရေးရာ အသံတစ်ခု၏ အမွေအနှစ်အကြောင်း ထင်ဟပ်တင်ပြထားပါသည်။
ဤရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေဟာ ဖြစ်လာတော့မယ့် တိုင်းပြည်အမျိုးအစားကို မျက်မှောက်ပြု ထိပ်တိုက်တွေ့ဖို့ တွန်းအားပေးခံကြရပါပြီ။ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၂၉မှာ ထင်ရှားတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေးလည်းဖြစ်တဲ့ ဦးကိုနီဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဝမ်းနည်းကြေကွဲဖွယ်ရာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ ခရီးကနေ ပြန်လာခဲ့တာပါ။ ဦးကိုနီဟာ ဥပဒေပြုပြင်ပြောင်းလဲရေးကို ရပ်ခံလှုံ့ဆော်ရာမှာ ပွင်းပွင်းလင်းလင်း ပြောတတ်ပြီး၊ ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာနိုင်ငံက လူသိများတဲ့ မွတ်စ်လင်မ်တစ်ဦးလည်း ဖြစ်ပါတယ်။
သူအချိန်မတန်ခင် သေခဲ့ရတာဟာ တိုင်းပြည်အတွက်တော့ ပြောပြလို့ မရလောက်တဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါပဲ။
ကိုနီကို ၁၉၅၃ခုနှစ်မှာ စစ်ကိုင်းတိုင်း ကသာမြို့အနီးအနားမှာ မွေးဖွားခဲ့ပြီး၊ အိန္ဒိယကလာတဲ့ မွတ်စလင်မ် အဖေနဲ့ ဗမာမိခင်တို့ရဲ့ သားဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက အဲဒီအချိန်တုန်းက သိပ်မရှားပါဘူး။ ၁၉၀၀ပြည်လွန် အစောပိုင်းနှစ်တွေမှာ ဗြိတိသျှလက်အောက်ခံ အိန္ဒိယ စစ်တပ် အလုပ်နဲ့ သူ့အဖေ ဗမာပြည်ရောက်လာခဲ့တယ်။ အဲဒီကာလတွေတုန်းက ဗမာပြည်ဟာ ဗြိတိသျှရဲ့ ကိုလိုနီ အင်ပါယာရဲ့ အစိတ်အပိုင်းအဖြစ် မှတ်ယူကြတယ်။ သူ့အမေဟာ မွတ်စလင်မ် ဖခင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာ မိခင်တို့ရဲ့ သမီးဖြစ်ပေမယ့်လည်း သူမကိုယ်တိုင်ကတော့ ဗမာ ဗုဒ္ဓဘာသာ အမျိုးသမီးပါ။
သူကြီးပြင်းခဲ့တဲ့ မြို့လေးက အိမ်ထောင်စု ၁၈၀လောက် ဒါမှမဟုတ် လူဦးရေ ၁၀၀၀လောက်သာ ရှိတဲ့ မွတ်စလင်မ် အသိုက်အဝန်းငယ်လေးကို ဦးကိုနီ သတိရနေသေးတယ်။ ကသာမှာ ကျောင်းကို ဆုံးခန်းတိုင်အောင် တက်ရောက်ခဲ့ပြီး၊ ၁၉၇၀ ပြည်လွန် အစောပိုင်းနှစ်တွေမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပါတယ်။
ရှေ့နေတစ်ယောက်လုပ်ဖို့ ဘာလို့များ ဆုံးဖြတ်ခဲ့တာလဲလို့ ကျွန်မက သူ့ကိုမေးတော့၊ သူပြန်ဖြေတာက သူက အငြင်းသန်တဲ့အတွက် ရှေ့နေလုပ်စားပါလားလို့ ပြောခဲ့တယ်တဲ့။ သူ့ရဲ့ ထက်မြက်တဲ့ စကားပြောစွမ်းရည်ဟာ သူ ခပ်ငယ်ငယ်ကတည်းက အတိအကျကို ဖွံ့ဖြိုးနေခဲ့တာပါ။ သူအမှတ်ရနေတတ်တဲ့ တကယ့် လူကြီးလူကောင်းတစ်ဦး ပြီးတော့ မြို့မှာ လူရိုသေ ရှင်ရိုသေ ဘဝရခဲ့တဲ့ ရှေ့နေတစ်ဦးကိုလည်း သူ ကသာမှာ ဆုံခဲ့သေးတယ်။ အဲဒီ ပုဂ္ဂိုလ်ကြောင့်ရယ်၊ ပြီးတော့ သူ့အမေရဲ့ အားပေးမှုတွေကြောင့် သူ ဥပဒေပညာကို သင်ယူဆည်းပူးဖို့ သူ စိတ်ဝင်စားခဲ့တယ်။
၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းမှာ ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့တယ်။ ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်းထဲက အဆောင်တစ်ခုဖြစ်တဲ့ အင်းဝဆောင်မှာ သူနေပြီး ကျောင်းတက်ခဲ့တယ်။ လေးနှစ်တက်ရတဲ့ ဘီအေဘွဲ့ရခဲ့ပြီး၊ တစ်နှစ်တက်ရတဲ့ ဥပဒေ သင်တန်း(LLB)ကို ဆက်လက် သင်ယူခဲ့တယ်။ ဒီလို သင်ယူမှုက အဲဒီအချိန်တုန်းက ဥပဒေပညာ သင်ယူချင်သူတွေ သွားရတဲ့ လမ်းကြောင်းတစ်ခုပါ။ ဘီအေတန်းမှာတုန်းက ကျောင်းသား အယောက် ၁၈၀လောက် ရှိတဲ့အထဲမှာမှ ၅၀-၆၀လောက်က မိန်းကလေးတွေ။ သူနှစ်ခြိုက်တဲ့ ဘာသာရပ်က တရားမ ဥပဒေနဲ့ သက်သေခံ ဥပဒေတို့ပါပဲ။ ဦးတင်အုန်းကတော့ သူသဘောကျတဲ့ ပါမောက္ခ၊ ဥပဒေဌာန ဌာနမှူး။
အားကျလေးစားခဲ့တဲ့ သတ်သတ်မှတ်မှတ် ပါမောက္ခတစ်ယောက်ယောက်များ ရှိခဲ့သလားလို့ မေးကြည့်တော့၊ ဆရာနှစ်မျိုးနှစ်စားအကြောင်း သူပြန်ပြောင်း ပြောပြခဲ့သေးတယ်။ အဲဒီ ဆရာတွေဟာ အမြဲတမ်း အချိန်ပြည့် ဝန်ထမ်းတွေဖြစ်ပြီး၊ အများစုက အမျိုးသမီးတွေ။ ကျောင်းသားတွေက ဒီဆရာမတွေရဲ့ မြှုပ်နှံမှုနဲ့ ကျောင်းသားတွေအပေါ် မမောစတမ်း တာဝန်ကျေမှုတွေကြောင့် ကျောင်းသားတွေက လေးစားမြတ်နိုးရတဲ့ ဆရာမတွေ။ တခြား ကထိကအမျိုးအစားတွေကတော့ အချိန်ပိုင်းတွေ ဖြစ်ပြီးတော့၊ အဲဒီထဲမှာ နာမည်ကျော် ရှေ့နေကြီးတွေ၊ ပင်စင်စား တရားသူကြီးတွေ ဒါမှမဟုတ် ကျောင်းသားတွေကို ပို့ချပေးဖို့ အချိန်ပေးတဲ့ ရှေ့နေချုပ်ရုံးက အငြိမ်းစား အရာရှိကြီးတွေပါ။
ဆိုရှယ်လစ် အစိုးရက ၁၉၇၄ အခြေခံဥပဒေကို စကျင့်သုံးတော့ ဦးကိုနီက စတုတ္ထနှစ်ကျောင်းသား။ ဆိုရှယ်လစ် အခြေခံဥပဒေမူကြမ်းကို အတည်ပြုဖို့ ၁၉၇၂ ပြည်သူ့ဆန္ဒခံယူပွဲကို သူပြန်မှတ်မိနေသေးတယ်။ သူမှတ်မိသလောက်တော့၊ ကျောင်းသားအများစုက ပါလီမန် ဒီမိုကရေစီ စနစ်ကနေ၊ တစ်ပါတီစနစ်၊ လွှတ်တော်တစ်ရပ်စနစ်နဲ့ ဆိုရှယ်လစ် စစ်တပ်အုပ်စိုးတဲ့ နိုင်ငံဆီ ပြောင်းသွားစေမယ့် ဒီအခြေခံဥပဒေ မူကြမ်းကြီးကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြတယ်။ ကန့်ကွက်မဲ အတွက် အမဲရောင်ပုံး၊ ထောက်ခံမဲအတွက် အဖြူရောင်ပုံးတွေပါတဲ့ မဲရုံတွေကို မဲပေးတဲ့နေ့မှာ ကျောင်းဝင်းတစ်ဝိုက်မှာ ဆောက်ထားတာကို သူမှတ်မိနေတယ်။ ကျောင်းသားတော်တော်များများက သူတို့ရဲ့ မဲတွေကို အမည်းရောင်ပုံးထဲ ထည့်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ညနေခင်းကျတော့ ကျောင်းသားအများစုဟာ ၁၉၇၄ အခြေခံဥပဒေကို ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုရှယ်လစ် အစိုးရက ကြေညာခဲ့တယ်။ အဲဒါကတော့ ဗြောင်အမှားကြီးဗျလို့ သူပြောပြခဲ့တယ်။
ဘွဲ့ရပြီးတော့ သူဘာလုပ်ရမလဲလို့ စဉ်းစားနေတဲ့ အချိန်မှာ၊ တက္ကသိုလ် ဆရာတစ်ယောက်က တက္ကသိုလ်က ကထိက တစ်ဖြစ်လဲ နာမည်ကျော် ရာဇဝတ်မှုလိုက် ရှေ့နေကြီး ဦးကိုယုဆီမှာ လုပ်ဖို့ အကြံပြုခဲ့တယ်။ ၁၉၇၀ပြည့်လွန် နောက်ပိုင်းနှစ်တွေမှာ သူအဲဒါပဲ လုပ်နေခဲ့တယ်။ သူ့အပေါ်မှာ ရှိတဲ့ ဦးကိုယုရဲ့ သြဇာကြီးတဲ့ လွှမ်းမိုးမှုကို အမှတ်ရနေတယ်။ ဦးကိုယုဆီက သူသင်ယူခဲ့တာ နှစ်ခုကတော့ စာဘယ်လို သင်ရသလဲနဲ့ ရှေ့နေကောင်းတစ်ယောက် ဖြစ်အောင် ဘယ်လို လုပ်ရသလဲ ဆိုတာပါ။
သူ့ရဲ့ အလုပ်သင်ဆရာ ဦးကိုယုက ၁၉၈၈ခုနှစ် ဒီမိုကရေစီ အုံကြွမှုကြီးနဲ့ ပတ်သက်ပြီး ဘားကောင်စီရဲ့ ကြေညာချက်ကို ရေးသားခဲ့သူဖြစ်သလို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ခဲ့ပါသေးတယ်။ ဦးကိုနီရဲ့ နိုင်ငံရေး အတွေးအမြင်တွေအပေါ် ဦးကိုယုရဲ့ စံနမူနာတွေက ဘယ်လောက်များ လွှမ်းမိုးခဲ့သလဲလို့ ကျွန်မ ဘယ်တော့မှ မမေးခဲ့ပါဘူး။ ဦးကိုနီ အထက်တန်းရှေ့နေဖြစ်လာပြီး၊ ၁၉၇၈ခုနှစ်မှာ ရန်ကုန်ရှေ့နေအသင်းမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့တယ်။ အဲဒီကာလအတောအတွင်းမှာ ဦးကိုနီက ရန်ကုန် အဝေးသင်တက္ကသိုလ်မှာ ဆရာတစ်ဦးအဖြစ်လည်း လုပ်ခဲ့ပါသေးတယ်။ ဦးမောင်မောင်အေးတို့လို ဝါရင့် ရှေ့နေကြီးတွေဆီက အနီးကပ် သင်ယူခဲ့တာတွေကို သူမှတ်မိနေတယ်။
၁၉၈၈မတိုင်ခင်မှာ၊ သူ ဦးကိုယုဆီက ပြောင်းပြီးတော့ သူ့ကိုယ်ပိုင် ရုံးခန်းကျဉ်းလေး ဖွင့်ခဲ့တယ်။ သူအဓိက အာရုံစိုက် လုပ်ခဲ့တာကတော့ တရားမ ဥပဒေပါ။ ၁၉၉၄မှာ၊ ရှေ့နေ ()ယောက်နဲ့ Laurel Law Firmကို တည်ထောင်ခဲ့တယ်။ သူက အရမ်းကို လူသိများ ကျော်ကြားတဲ့ တရားလွှတ်တော် ရှေ့နေ (အကြီးတန်းရှေ့နေ)၊ အလုပ်သင်ဆရာ ဖြစ်လာတော့မှာပါ။ ၂၀၁၄ခုနှစ်မှာ သူကြီးကြပ်ခဲ့တဲ့ အလုပ်သင်ရှေ့နေ ၁၀၀ကျော်သွားပြီလို့ ကျွန်မကို ပြောပြခဲ့တယ်။
မြန်မာ စစ်တပ်ရဲ့ ရက်ရက်စက်စက် ချေမှုန်းခံခဲ့ရတဲ့ ဒီမိုကရေစီ အုံကြွမှုကြီးဖြစ်ခဲ့တဲ့ ၁၉၈၈ အကြောင်း ကျွန်မတို့ အနည်းအကျဉ်းပဲ ပြောဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ စစ်အစိုးရရဲ့ ပိတ်ပင်တာ ခံခဲ့ရတဲ့ နိုင်ငံရေးပါတီတစ်ခုမှာ အဲဒီအချိန်က သူပါဝင်ခဲ့တာတွေကိုတော့ ကျွန်မကို တစ်ခါက ပြောပြခဲ့တယ်။ အဲဒီအချိန်မှာ ကလေးငယ်တွေရှိနေခဲ့ပြီးတော့ ဖခင်တစ်ယောက်အနေနဲ့ စီးပွားရှာဖို့၊ မိသားစုကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ခံစားခဲ့တဲ့အကြောင်း ပြောပြဖူးတယ်။
ဦးကိုနီဟာ မီဒီယာပေါ်မှာ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး သုံးသပ်ပြောကြားသူ ဖြစ်ခဲ့ပြီး၊ ရှေ့နေငယ်လေးတွေကနေစပြီး၊ လွှတ်တော် အမတ်ကြီးတွေအထိ မတူတဲ့ ပရိသတ်တွေကို ပို့ချခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးအတွက် လိုအပ်ချက်ကနေ စပြီးတော့၊ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်၊ ပြဿနာကြီးလှတဲ့ အမုန်းစကား ပြဿနာတွေအထိ ဥပဒေ ကိစ္စပြဿနာတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်သူ တစ်ယောက်ပါ။ အစိုးရ အဆိုပြုတဲ့ ဟိုတယ်တစ်ခုအဖြစ် ပြောင်းလဲသွားမယ်လို့ ကောလဟလ ထွက်နေတဲ့ ဟိုက်ကုတ် (High Court)အဆောက်အဦးနဲ့ ပုလိပ် ကော်မရှင်နာ ရုံးတို့ကို ရောင်းချခြင်းကို ဆန့်ကျင်ကန့်ကွက်ဖို့ ဆန္ဒပြခဲ့ကြတဲ့ ရှေ့နေတွေနဲ့လည်း ပူးပေါင်းပါဝင်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တားမြစ်ထားတယ်လို့ မှတ်ယူကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉()ကို လွှတ်တော်က ဆိုင်းငံ့ထားနိုင်တယ်ဆိုတဲ့ အမြင်ရှိခဲ့သူပါ။ ၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဌာန်းချက် တစ်ရပ်ကို ဆိုင်းငံ့ထားခဲ့ဖူးတဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေကနေ ရှိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာတွေအပေါ် သူ့ရဲ့ နက်နက်ရှိုင်းရှိုင်း နားလည်မှုကို ပြသမှု တစ်ခုပါ။
ဒါပေမယ့်လည်း သူဟာ မွတ်စလင်မ် တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်ကနေတော့ သူမလွတ်မြောက်နိုင်ခဲ့ပါဘူး။ ၂၀၁၂ခုနှစ်ကနေ စပြီးတော့ မွတ်စလင်မ် မုန်းတီးရေး အကြမ်းဖက်မှုတွေက ရခိုင်ပြည်နယ်ကနေ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေဆီ ကူးစက်လာခဲ့ပါတယ်။ ဒီထက်ပိုတဲ့ မွတ်စလင်မ် မုန်းတီးစိတ်တွေကို လှုံ့ဆော်တဲ့ ရက်ဒီကယ် ဗုဒ္ဓဘာသာ လှုပ်ရှားမှု အသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့တယ်။ ဒီနောက်ခံအခြေအနေမှာ မြန်မာနိုင်ငံက ဦးကိုနီ အပါအဝင် များစွာသော မွတ်စလင်မ်တွေအတွက် တစ်စထက်တစ်စ ခက်ခဲလာပြီး၊ နိုင်ငံရေးမှိုင်းတိုက်ခံခဲ့ရတာပါ။
၂၀၁၄ခုနှစ် ဖေဖော်ဝါရီလမှာ ဘုန်းကြီးတွေက ဦးကိုနီနဲ့ တခြား မွတ်စလင်မ်တစ်ယောက်ကို ဟောပြောခွင့် မပြုသင့်ဘူးလို့ တောင်းဆိုခဲ့ပြီးနောက်မှာ မြောက်ဥက္ကလာပ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စာပေဟောပြောပွဲတစ်ခုမှာ  ဦးကိုနီ မဟောပြောဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။
၂၀၁၅ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ မတိုင်ခင် ကာလတွေမှာ မွတ်စလင်မ် အသိုက်အဝန်း အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် ပိုဆိုးတဲ့ အခြေအနေတွေဆီ ပြောင်းလဲလာခဲ့တယ်။ အဖြူရောင်ကဒ် ကိုင်သူတွေ(ယာယီမှတ်ပုံတင်ကတ် ကိုင်သူတွေ)က ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ရော၊ မဲပေးခြင်းကနေရော ပိတ်ပင်ခံရတယ်။ အဖြူရောင် ယာယီကဒ် ကိုင်သူတွေကို ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်၊ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ပြုခဲ့ဖူးတဲ့အတွက် နိုင်ငံရေး လက်တွေ့ကျင့်သုံးမှု အမူအကျင့်တွေနဲ့ ဆန့်ကျင်နေခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဒီကိစ္စအပေါ် ဆုံးဖြတ်ချက်ကို ဦးကိုနီက ဝေဖန်ခဲ့တယ်။
ဒါတွေအပြင် မွတ်စလင်မ် တစ်ဦးတစ်ယောက်ကိုမျှ အမတ်လောင်းအဖြစ် မတင်သွင်းဖို့နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာ မွတ်စလင်မ် တစ်ဦးတစ်ယောက်မျှ မခန့်အပ်ဖို့ ပါတီက ဆုံးဖြတ်ခဲ့တယ်လို့ သူရှုမြင်ခဲ့တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြတ်ပြတ်သားသား ဝေဖန်ခဲ့သေးတယ်။ အဲဒီအချိန်တုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူပြောတုန်းက ဖြစ်ခဲ့တဲ့ နက်နက်ရှိုင်းရှိုင်း စိတ်ပျက် ဒေါသထွက်ရမှုတွေကို သူအမှတ်ရနေတယ်။ ရက်ဒီကယ် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ ခြိမ်းခြောက်တဲ့ နည်းဗျူဟာ စနက်ကြောင့် ဖြစ်ခဲ့ရတာဆိုတာကို သူနည်းနည်းမှ သံသယမရှိခဲ့ဘူး။
နိုင်ငံတကာ မီဒီယာတွေက သူ့ကို မွတ်စလင်မ် ရှေ့နေတစ်ယောက်အဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးတစ်ယောက်အဖြစ် သတ်မှတ် ခေါ်ဝေါ်နေကြပေမယ့်၊ ဒီထက်အများကြီးပိုတဲ့ အရာတွေနဲ့ သူ့ကို အမှတ်ရနေဖို့လိုတယ်။ သူ့ကိုယ်သူ လွတ်လပ်အမှီခိုကင်းသူ အဖြစ် ရှုမြင်တာကို အထူးပြုပြောတတ်တာကို ကျွန်မ ခဏခဏ သတိရနေတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သိပ်မကြာခင် နှစ်တွေထဲမှာ ရက်ဒီကယ် ဗုဒ္ဓဘာသာ အဖွဲ့တွေရဲ့ ဖိအားအောက် မလှုပ်နိုင်အောင် ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ အမှီခိုကင်းလွတ်လပ်မှုအကြောင်းကို ပိုပိုပြီး အာရုံစိုက် အလေးနက်ထားလာတယ်။
ဦးကိုနီဟာ ၂၀၁၃ခုနှစ်ကနေ အခုချိန်ထိ လုပ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒနဲ့ ပတ်သက်တဲ့ Australia-Myanmar Constitutional Democracy Projectရဲ့ အခမ်းအနားကို ပုံမှန်တက်ရောက်သူ တစ်ယောက်ပါ။ တကယ်တော့ ဒီစီမံကိန်းအတွင်း သင်ယူမှုက တစ်လမ်းသွားမဟုတ်ဘဲ အပြန်အလှန် သင်ယူကြခြင်း ဖြစ်ပါတယ်။ သူကျွန်မတို့အတွက် ပေးခဲ့တဲ့ အချိန်တွေအတွက် လေးလေးနက်နက်ကို သူ့ကို ကျေးဇူးကြွေးတင်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒနည်းကျ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ကျွန်မတို့ရဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သူ့ရဲ့ တတ်မြောက်ကျွမ်းကျင်မှုက တိုင်းတာလို့ မရလောက်အောင် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့ စိတ်ရှည် သည်းခံမှုနဲ့ ကျွန်မတို့ရဲ့ အားထုတ်မှုတွေအပေါ် ထောက်ခံကူညီပေးမှုတွေက တကယ်စိတ်ရင်းနဲ့ ကျေနပ်နှစ်သက်စရာပါ။
ဒီနှစ်တွေအကြာကြီးထဲမှာ၊ ရှေ့နေအဖွဲ့အစည်း တော်တော်များများနဲ့ မူဝါဒအတွက် ရပ်ခံတင်ပြမှုကိစ္စတွေအပေါ် သူ့ရဲ့ အကူအညီတွေ စီးဆင်းခဲ့ပါတယ်။ သိပ်မကြာခင် ကာလကစပြီးတော့ မြန်မာမွတ်စလင်မ် ရှေ့နေများ အသင်းမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ ဒီလို ပါဝင်လာခဲ့တာဟာ လိုအပ်ချက်ကို သိမြင်လာလို့၊ မွတ်စလင်မ်တွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လိုအပ်မှုကြောင့် လို့ ထင်ရပါတယ်။
၂၀၁၆ သြဂုတ်လတုန်းက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်မ သူ့ကို ဖုန်းနဲ့ စကားပြောတဲ့အချိန်မှာတော့ သူက ဒီအခြေအနေတွေအပေါ် စိုးရိမ်မှုတွေ ရှိနေခဲ့တယ်။ အရမ်းကို အရေးကြီးတဲ့ ပြည်သူတွေရဲ့ အန္တရယ်ကင်းရေး၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း ပြောနေတဲ့ သိပ်ကို အဆိုးမြင်လွန်းတဲ့ ခံစားမှုလေသံမျိုး ကျွန်မ တစ်ခါမှ သူ့ဆီက မကြားဘူးဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စတွေ၊ လူအခွင့်အရေး ပြဿနာကိစ္စတွေနဲ့ ပတ်သက်ပြီး၊ အများပြည်သူတက်ရောက်တဲ့ ဖိုရမ်တွေမှာ မြန်မာပြည်တွင်းနေသူတွေ ပြောရဆိုရတာက သိပ်အန္တရယ်မကင်းတော့ဘူး မလုံခြုံတော့ဘူးလို့ သတိပေးခဲ့တယ်။ ဒါပေမယ့်လည်း ခုလုပ်နေတာတွေကို ဆက်လုပ်ဖို့လည်း ကျွန်မတို့ကို အားပေးခဲ့တယ်။
၂၀၁၆ နိုဝင်ဘာမှာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျွန်မတို့ ဦးကိုနီရဲ့ သူ့ရုံးခန်းအသစ်ကို သွားလည်ပတ်ခဲ့တယ်။ ကျွန်မတို့ကို ကြိုဆိုရတာ သူသိပ်ဂုဏ်ယူနေတယ်။ ပြီးတော့ အဲဒီနေ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာ အများကြီးကို အကြာကြီး ပြောဖြစ်ခဲ့တယ်။
ဦးကိုနီလို ကြီးကျယ်ခမ်းနားတဲ့ ဥပဒေ ဉာဏ်ကြီးရှင်ဆီမှာ လေးစားမြတ်နိုးစွာ သင်ယူခွင့်ရခဲ့တာ ဂုဏ်ယူဖွယ် အခွင့်ထူး တစ်ခုပါ။ ကျွန်မ ရှာနေမှန်းသိတဲ့ စာအုပ်တွေကို သူ့အလုပ်တွေ ကြားထဲက ကျွန်မအတွက် တစ်ခါထက်မက ဝယ်ပေးခဲ့တယ်။
ဦးကိုနီနဲ့ ပတ်သက်ပြီး ပြောစရာတွေက အများကြီးပါ။ သူဟာ မိသားစုအပေါ် သိတတ် တာဝန်ကျေသူ၊ ခင်ပွန်း၊ ဖခင်၊ ပြီးတော့ အဖိုးတစ်ယောက်ပါ။ သူ့သားသမီးတွေရဲ့ အနာဂတ်အတွက်သာ စိုးရိမ်ပူပန်တတ်တာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပါ ရတက်မအေးရှာခဲ့သူပါ။
Islam and the State in Myanmarဆိုတဲ့ စာအုပ်တဲ့ ပြင်ဆင်နေတုန်းမှာ၊ မြန်မာ့ သမိုင်းကို ခမ်းခမ်းနားနား ကြီးကျယ်စေခဲ့တဲ့ အတိတ်က မြန်မာမွတ်စလင်မ် အထင်ကရ ပုဂ္ဂိုလ်တွေအကြောင်း ကျွန်မ အကျဉ်းရေးသားခဲ့တယ်။ ဥပမာ ဦးရာရှစ် (ဆိုရှယ်လစ်ခေတ်အတွင်း နှစ်ရှည် ထောင်ဒဏ် နှစ်ကြိမ် မခံရခင် ၁၉၄၈-၁၉၆၂အတွင်း ပါလီမန် ဒီမိုကရေစီခေတ် ကာလအတွင်းမှာ အစိုးရအဖွဲ့ နေရာတွေ ထမ်းဆောင်ခဲ့သူ)တို့လို၊ ဦးရာဇတ် (၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ လုပ်ကြံခံခဲ့ရသူ)တို့လို ပုဂ္ဂိုလ်မျိုးတွေပေါ့။
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ အရေးပါတဲ့ အသံတစ်သံ ဖြစ်လာခဲ့ပေမယ့်လည်း ဦးကိုနီတို့လို ခေတ်ပြိုင် ပုဂ္ဂိုလ်မျိုးတွေကိုတော့ မဖော်ပြခဲ့ပါဘူး။ နောက်ပိုင်း များစွာအတွက် မြန်မာနိုင်ငံရဲ့ ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် အသံတစ်သံ ဖြစ်နေဦးမယ့် သူတစ်ယောက်အတွက် ဂုဏ်ပြုတမ်းချင်းစာ တစ်စောင် ရေးဖို့ အရမ်းအရမ်း စောလွန်းသေးတယ် ထင်ပါတယ်။
မြန်မာ့ သမိုင်းထဲက ကြီးကျယ်ခမ်းနားတဲ့ ဥပဒေဉာဏ်ကြီးရှင်တွေ၊ ပြည်သူသိ မွတ်စလင်မ် အထင်ကရ ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ ဦးကိုနီကို သတိရနေဖို့ လိုပါတယ်။ ဦးကိုနီဟာ ဆယ်စုနှစ်နဲ့ ချီတဲ့ စစ်အုပ်ချုပ်ရေးအောက်က ထွက်မြောက်လာတဲ့ ဗုဒ္ဓဘာသာအများစု တိုင်းပြည်တစ်ခုထဲမှာ ပွင့်ပွင်းလင်းလင်း ပြောဆိုမှုတွေကနေ ရလာနိုင်တဲ့ ပုဂ္ဂိုလ်ရေး အန္တရယ်တွေကို သိခဲ့တဲ့ လေးစားတန်ဖိုးထားခံရတဲ့ ဥပဒေအကြံပေး ပုဂ္ဂိုလ်ကျော်တစ်ဦးပါ။
အခုတော့ ဦးကိုနီလို ပြောရဲဆိုရဲ အသံတွေ မြန်မာနိုင်ငံမှာ အများကြီး အမြဲတမ်းထက် ပိုလိုအပ်နေပါပြီ။
ဒေါက်တာ မလီဆာ ခရောက်ခ်ျ၊ အကြီးတန်း ကထိက၊ University of New South Wales. နှုတ်ဆက်ဂုဏ်ပြုစာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ဦးကိုနီနဲ့ ပြုလုပ်ခဲသော ခရေစေ့တွင်းကျ ကွင်းဆင်း အင်တာဗျူးများအား အသံသွင်းထားခြင်းနှင့် မှတ်စုများအပေါ် အခြေခံ ရေးသားပါသည်။

This article was first published in English at New Mandala on 31 January 2017, http://www.newmandala.org/personal-tribute-u-ko-ni/

This article was first published in English at New Mandala on 31 January 2017, http://www.newmandala.org/personal-tribute-u-ko-ni/

Labels

2015 (1) access to justice (1) ACICIS (1) ADB (3) administrative courts (1) administrative law (3) Ahmadiyah (1) Ahok (5) All Indian Law Reporter (1) Allah (1) amendment (3) anthropology (1) ANU (4) article (1) ASAA (1) Asia (8) Asia Research Institute (1) Asian Development Bank (1) Asian law (7) Asian Law Centre (1) Asian Studies (1) AsianLII (2) Attorney General (2) AustLII (1) Australia (10) authoritarianism (1) banking and finance (1) Bawaslu (2) blasphemy (7) blasphemy charges (1) Blasphemy Law (2) blogs (1) book (3) book chapter (1) book launch (3) book review (3) books (1) Buddhism (4) Buddhism and law (1) Buddhist law (1) Burma (54) Burmese language (1) Burmese translation (1) Business (4) call for papers (1) Canada (1) capacity building (2) Cause lawyers (1) Chicago (1) Christianity (1) colloquium (1) commercial law (6) common law (2) comparative constitutional law (1) comparative law (1) conference (17) conflict (3) constitution (20) constitution-building (1) constitution-making (1) constitutional amendment (2) Constitutional Court (4) constitutional law (10) constitutional review (1) constitutional rights (1) Constitutional Tribunal (3) Constitutional Writs (1) Constitutionalism (2) constitutions (1) corporate law (2) course (1) courts (9) Crisis (1) Culture (1) database (1) death sentence (1) deference (1) delegation (1) democracy (7) development (1) Economics (3) edited book (1) election (1) elections (9) electoral disputes (1) emergency powers (5) engagement (1) ethnic recognition (1) Ethnic rights (1) fatwa (1) Federal Court of Australia (1) Forum (1) global law (1) globalisation (1) governor (1) handbook (1) Harvard Law School (1) Hong Kong University (1) Hooker (1) human rights (5) Human Rights Commission (1) ICON (1) IGLP (1) Indonesia (33) Indonesia Council (1) Indonesia Ulama Council (1) Indonesian studies (1) international law (1) international students (1) Interview (5) investment (1) IS (1) Islam (18) Islam and the state (1) Islamic law (1) Islamist (2) Jakarta (9) Jokowi (1) journal (3) journal article (6) judges (1) judicial independence (3) judicial review (1) judicial selection (1) justice sector (1) korea (1) law (22) law and society (2) law faculty (2) law reform (3) Law School (1) lawyer (2) lawyers (2) lecture (1) legal education (5) legal pluralism (1) legal reforms (1) Legal Training (1) local governance (1) major projects (1) Malaysia (2) marriage (1) military (3) minorities (1) moving (1) Muslims (8) Myanmar (103) Myanmar law (1) Naypyidaw (2) Nemo (1) New Constitutions (1) new year (1) newsletter (1) NLD (1) NUS (2) Oxford (1) panel (1) peace process (1) people smuggling (5) Pluralism (1) podcast (1) podcasts (1) political Islam (1) Politics (5) President (1) principles (1) professional legal education (2) radio interview (1) Rakhine State (3) rally (1) referendum (1) reform (4) religion (12) religious intolerance (1) report (5) reports (1) research centre (1) resources (1) Risks (1) RMIT (1) roundtable (2) rule by law (1) rule of law (4) scholars dialogue (1) scholarship (1) scholarships (1) section 144 (1) seminar (17) Shan State (1) Shi'a (1) Shi'ism (1) Singapore (5) social conflict (1) socio-economic rights (1) socio-legal studies (1) Southeast Asia (11) Southeast Asia; Islamic law; electives; UNSW Law; Rule of Law (1) Sri Lanka (1) State (1) statelessness (1) students (1) success (1) Supreme Court (5) Sydney (5) terrorism (1) Thailand (2) tolerance (1) training (2) transition (1) tribute (2) Trisakti University (1) U Ko Ni (4) UAGO (1) UNHCR (1) University of Indonesia (2) University of Melbourne (4) University of Sydney (1) University of Yangon (1) UNSW (20) UNSW Law (3) violence (1) West (2) West Java (1) Windsor Faculty of Law (1) women (1) working paper (1) workshop (18) world bank (1) writs (2) Yangon (3)